ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။ - الصفحة 2

ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။ - الصفحة 2

1- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က 'ကျွန်ုပ်၏စိတ်ထဲတွင် အသင်တို့အပေါ် စွပ်စွဲလို (သံသယရှိနေ )သောကြောင့် ကျိန်ဆိုစေခြင်းမဟုတ်ပါ။ သို့သော် ဂျီဗ်ရီလ် (အလိုင်ဟိစ်စလာမ်) သည် ကျွန်ုပ်ထံသို့ ရောက်ရှိလာပြီး အလ္လာဟ်အရှင်မြတ်သည် မလာအိကဟ်ကောင်းကင်တမန်များရှေ့တွင် အသင်တို့အပေါ်၌ ဂုဏ်ယူတော်မူကြောင်း ကျွန်ုပ်အား သတင်းပေးခဲ့ခြင်းကြောင့်( ကျိန်ဆိုခိုင်းရခြင်းဖြစ်သည် ) ဟု မိန့်ကြားတော်မူခဲ့သည်။

6- အမှန်တကယ်ပင် ဒွန္နယာ လောကသည် ချိုမြိန်၍ စိမ်းလန်းပေသည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့မည်သို့ ပြုမှုဆောင်ရွက်ကြမည်ကို ကြည့်ရှုရန် သင်တို့အား လောက၌ ‘ခလီဖဟ်’ ကိုယ်စားလှယ်များ အဖြစ်ပြုလုပ်‌ပေးတော်မူခဲ့သည်။ ထို့ကြောင့် သင်တို့သည် လောကီနှင့်ပတ် သက်၍ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။

7- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ကျင်ငယ်စွန့်သည့်အခါ မိမိ၏အရှက်အင်္ဂါကို ညာဘက်လက်ဖြင့် ထိကိုင်ခြင်းမပြုနှင့်။ အိမ်သာတက်သည့်အခါ ညာဘက်လက်ဖြင့် ပွတ်တိုက်ဆေးကြောသန့်စင်ခြင်း မပြုနှင့်။ ရေသောက်သည့်အခါ ရေခွက်ထဲသို့ အသက်ရှုထုတ်ခြင်းမပြုနှင့်။

15- အသင်တို့အနက် တစ်စုံတစ်ဦးသည် မိမိနှစ်သက်သော အိပ်မက်တစ်ခုမက်မြင်လျှင် ထိုအိပ်မက်သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ဖြစ်၏။ သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောပနာပြုလော့။ ထို့‌နောက် အိပ်မက်ကို (မိမိချစ်ခင်နှစ်သက်သူတို့အား) ပြောပြရမည်။ အကယ်၍ မိမိမနှစ်သက်သော အခြားအိပ်မက်ကို မက်လျှင်မူကား ထိုအိပ်မက်သည် ရှိုင်တွာန်ထံမှဖြစ်၏။ သို့ဖြစ်၍ ထိုအိပ်မက်၏ ဆိုးယုတ်မှုမှ (အရှင်မြတ်ထံ) ခိုလှုံခွင့်တောင်းခံလော့။ ထိုအိပ်မက်အား မည်သူ့ကိုမျှ မပြောပြရ။ ထိုသို့ပြုလျှင် ယင်းအိပ်မက်သည် သူ့အား ဘယ်သောအခါမျှ အန္တရာယ်ဖြစ်စေမည် မဟုတ်ပေ။

20- အသင်တို့သည် မုအ်မင်န် မဖြစ်သေးသမျှ ကာလပတ်လုံး ဂျန္နသ်သို့ဝင်ရောက်ရမည်မဟုတ်။ အသင်တို့အချင်းချင်း ချစ်ခင်မှုမရှိသေးသမျှကာလပတ်လုံး မုအ်မင်န်ဖြစ်မည်မဟုတ်။ ငါကိုယ်တော် အသင်တို့အားကိစ္စတစ်ခုကို မညွှန်ပြပေးရဘူးလား။ ထိုကိစ္စကို ပြုလုပ်ခြင်းဖြင့် အသင်တို့အချင်းချင်း ချစ်ခင်မှုရကြလိမ့်မည်။ ၎င်းမှာ အသင်တို့ကြား၌ စလာမ်များများပေးကြပါ။

21- မည်သည့်အမလ်ကောင်းမှုသည် အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံးဖြစ်တော်မူပါနည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က ဆွလာသ်အား သူ့အချိန်နှင့်သူ ဆောက်တည်ခြင်းဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် မည်သည့်အမလ်ကောင်းမှုသည် အမြတ်ဆုံးပါနည်းဟု မေးလျှောက်ရာ ကိုယ်တော်က မိဘနှစ်ပါးကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် မည်သည့်အမလ်ကောင်းမှုသည် အမြတ်ဆုံးပါနည်းဟု မေးလျှောက်ရာ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်း ဖြစ်သည်

24- နိမိတ်ကောက်ခြင်းသည် ရှိရ်က်ဖြစ်သည်။ နိမိတ်ကောက်ခြင်းသည် ရှိရ်က်ဖြစ်သည်။ နိမိတ်ကောက်ခြင်းသည် ရှိရ်က်ဖြစ်သည်။ (ကိုယ်တော်သည် ဤသို့ သုံးကြိမ်တိုင်တိုင် မိန့်ကြားတော်မူခဲ့သည်။) ဆင့်ပြန်သူကပြောသည်မှာ ကျွန်ုပ်တို့အနက်မှ လူတိုင်းသည် (နိမိတ်ကောက်ရန် စိတ်ဖြစ်ပေါ်တတ်သည်။) သို့သော် အလ္လာဟ်အရှင်မြတ်သည် သဝက္ကုလ် အရှင်မြတ်အပေါ် ယုံပုံအားကိုးမှုဖြင့် နိမိတ်ကောက်လိုသောစိတ်ကို ဖယ်ရှားပေးတော်မူလိုက်သည်။

27- အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ် သက္ကဝါတရားထားကြပါ၊ အသင်တို့၏ ဆွလာသ်ငါးကြိမ်ကို ဆောက်တည်ကြပါ၊ အသင်တို့(ရမဿွာန်)လ၏ ဆွိယာမ်ဥပုသ်ကို စောင့်ထိန်းကြပါ၊ အသင်တို့ ဥစ္စာပစ္စည်းများမှ ဇကာသ် ပေးဆောင်ကြပါ၊ အသင်တို့အား အုပ်ချုပ်သူများကို နာခံကြပါ၊ အသင်တို့အား ဖန်ဆင်းမွးမြူတော်မူသော အရှင်မြတ်၏ ဂျနသ်သုခဘုံသို့ ဝင်ရောက်ကြပါ။

32- ကောင်းသောအိပ်မက်သည် အလ္လာဟ်အရှင်မြတ်ထံမှဖြစ်၍၊ မကောင်းသောအိပ်မက်သည် ရှိုင်တွာန်ထံမှဖြစ်၏။ သို့ဖြစ်ရာ သင်တို့အနက် တစ်ဦးဦးသည် မိမိအား ထိတ်လန့်စေသည့် အိပ်မက်ဆိုးကို မြင်မက်ပါက၊ မိမိ၏ ဘယ်ဘက်သို့ သုံးကြိမ်တံတွေးထွေး(ဟန်ပြုလုပ်) ပါ။ ထို့နောက် ရှိုင်တွာန်၏ဘေးရန်မှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံပါ‌လေ။ ဤသို့ပြုလျှင် ထိုအိပ်မက်သည် သူ့အား မည်သည့်ဘေးဒုက္ခမျှ မဖြစ်စေတော့ပါ။

33- ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်)အား လျှောက်ထားမေးမြန်းခဲ့သည်မှာ - "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အပြစ်ဒဏ်မှ လွတ်မြောက်ခြင်း (နဂျာသ်) ဆိုသည်မှာ အဘယ်နည်း။" တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်)က မိန့်တော်မူသည် - "သင်၏ နှုတ်လျှာကို ထိန်းချုပ်လော့။ သင်၏ အိမ်သည် သင့်အတွက် ကျယ်ဝန်းစေလော့။ သင်၏ အပြစ်အတွက် ငိုကြွေးလော့။

35- ကျွန်တော်မျိုးအား အမလ်ကျင့်ဆောင်မှုတစ်ခု ညွှန်ပြပေးတော်မူပါ ကျွန်တော်မျိုးသည် ထိုအမလ်ကိုဆောင်ရွက်ပါက ဂျန္နသ်သုခဘုံသို့ဝင်ရောက်ရမည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ သင်သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ပါ။ အရှင်မြတ်နှင့် မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်ခြင်းမပြုနှင့်။ ဖရ်ဿ်ွအဖြစ် ပြဌာန်းထားသည့် ဆွလာသ်ကို ဆောက်တည်ပါ။ ဖရ်ဿ်ွအဖြစ် ပြဌာန်းထားသည့် ဇကာသ်ကို ပေးဆောင်ပါ။ ရမဿွာန်လတွင် ဆွိယာမ်ဥပုသ် စောင့်ထိန်းပါ။

36- “ (မည်သူမည်ဝါရဲ့) နှာခေါင်းမြေကြီးနှင့် လူးထိပါစေ၊ (မည်သူမည်ဝါရဲ့) နှာခေါင်း မြေကြီးနှင့် လူးထိပါစေ၊ (မည်သူမည်ဝါရဲ့) နှာခေါင်း မြေကြီးနှင့် လူးထိပါစေ။” စွဟာဗီတစ်ပါးက“အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ မည်သူ့အား (ကိုယ် တော် ဘဒ်ဒုအာပြု‌ နေပါသနည်း)” ဟု မေးမြန်းလျှောက်ထားရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က- “မိမိ၏မိဘနှစ်ပါး(သို့မဟုတ်)နှစ်ပါးအနက် တစ်ပါးပါးအား အိုမင်းရင့်ရော်စဉ် တွေ့ကြုံခဲ့ရပြီး (၎င်းတို့အား ကျေးဇူးပြုခြင်းဖြင့်) ဂျန္နတ်သို့ ဝင်ရောက်နိုင်ခြင်း မရှိခဲ့သူဖြစ်သည်” ဟု မိန့်ကြားတော်မူခဲ့သည်။

42- ငါကိုယ်တော်အား (မိအ်ရာဂ်ျ ကောင်းကင်ခရီး) ခေါ်ဆောင်သွားခြင်းခံရသည့်ညတွင် ငါကိုယ်တော်သည် (တမန်တော်) အီဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) အား တွေ့ဆုံခဲ့သည်။ ထိုအခါ သူက ဤသို့ ပြောကြားခဲ့သည်။ အို-မုဟမ္မဒ်၊ အသင့်ရဲ့ အွမ္မသ်နောက်လိုက်သားများထံသို့ ကျွန်ုပ်၏ စလာမ်ကို ပို့ဆောင်ပါလေ။ ထို့ပြင် ၎င်းတို့အား ဂျန္နတ်သုခဘုံ၏ မြေဆီလွှာသည် အလွန်ကောင်းမွန်၍ ရေသည် အလွန်ချိုမြိန်ကြောင်း သတင်းကောင်းပါးလိုက်ပါ

44- “မည်သည့်လူတစ်စုမဆို မဂ်ျလိစ်(ထိုင်ဝိုင်း)တစ်ခုမှ အလ္လာဟ်အရှင်မြတ်အား ဇိကိရ်သတိရတသခြင်းမပြုဘဲ ထသွားခဲ့လျှင် ၎င်းတို့သည် ပုပ်သိုးနေသော မြည်းအသေတစ်ကောင်အနားမှ ထသွားသကဲ့သို့ပင် ဖြစ်၏။ ထိုသို့သော မဂ်ျလိစ်(ထိုင်ဝိုင်း)သည် ကိယာမတ်နေ့တွင် ၎င်းတို့အပေါ်၌ ဝမ်းနည်းဖွယ် (နောင်တရဖွယ်) အကြောင်းတစ်ရပ် ဖြစ်လိမ့်မည်။”

47- ကိယာမတ်နေ့တွင် ဂျဟန္နမ်ငရဲသားများအနက် အပြစ်ဒဏ်အသက်သာဆုံးသူမှာ မီးဖြင့်ပြုလုပ်ထား‌သော ဖိနပ်နှစ်ဖက်နှင့် သဲကြိုးနှစ်ချောင်း (ဝတ်ဆင်ပေးခြင်းခံထားရသူ )ရှိသူဖြစ်ပြီး ထိုမီး၏ပူလောင်မှုကြောင့် သူ၏ ဦးနှောက်သည် ကြေးအိုးပူလောင်သည့်အခါ ပွက်ပွက်ဆူသကဲ့သို့ ပွက်ပွက်ဆူနေ‌ပေမည်။ သူသည် သူ့ထက်ပိုပြီး ပြင်းထန်သောပြစ်ဒဏ်ခံနေရသူ မရှိဟု ထင်နေလိမ့်မည်။ အမှန်စင်စစ် ထိုသူသည် အပြစ်ဒဏ်အသက်သာဆုံးသူပင်ဖြစ်သည်။

49- ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် နေ့တွင် အပြစ်ကျူးလွန်ခဲ့သောသူသည် နောင်တတရားဖြင့် အရှင့်ဆီသို့ ပြန်လာနိုင်ရန် ( သောင်ဗဟ်လုပ်နိုင်ရန် )အတွက် ညတွင် မိမိ၏လက်တော်ကိုဖြန့်ထားတော်မူသည်။ ထိုနည်းတူ ညတွင် အပြစ်ကျူးလွန်ခဲ့သောသူသည် နောင်တတရားဖြင့် အရှင့်ဆီသို့ ပြန်လာနိုင်ရန် ( သောင်ဗဟ်လုပ်နိုင်ရန် )အတွက် နေ့တွင်မိမိ၏လက်တော်ကိုဖြန့်ထားတော်မူသည်။ ( အရှင်မြတ်သည် ဤသို့ သောင်ဗဟ်အမှားဝန်ခံမှုကို လက်ခံခြင်းမှာ ) နေသည် အနောက်အရပ်မှ ထွက်ပေါ်လာသည့် အချိန်ထိတိုင်အောင်ဖြစ်သည်။

56- အကြင်သူသည် အစားအသောက်စားပြီးနောက် ဤဒုအာကို ရွတ်ဆိုမည်။ الحَمْدُ لِلَّهِ الَّذِي أَطْعَمَنِي هَذَا وَرَزَقَنِيهِ مِنْ غَيْرِ حَوْلٍ مِنِّي وَلاَ قُوَّةٍ အဓိပ္ပာယ်။ ။ကျွန်တော်မျိုး၏အစွမ်းအစမပါရှိဘဲ ဤအစားအသောက်အား ကျွန်တော်မျိုးအား ကျွေးမွေး‌တော်မူခဲ့သည့် အလ္လာဟ်အရှင်မြတ်အား ကျွန်တော်မျိုးချီးမွမ်းထောမနာပြုအပ်ပါသည်။ ဤတောင်းဆုကို ရွတ်ဆိုသူသည် ယခင်က ကျူးလွန်ခဲ့သော အကုသိုလ်များအားလုံး ခွင့်လွတ်ခြင်းခံရပေမည်။

60- رَبِّ اغْفِرْ لِي خَطِيئَتِي وَجَهْلِي، وَإِسْرَافِي فِي أَمْرِي كُلِّهِ، وَمَا أَنْتَ أَعْلَمُ بِهِ مِنِّي، اللَّهُمَّ اغْفِرْ لِي خَطَايَايَ، وَعَمْدِي وَجَهْلِي وَهَزْلِي، وَكُلُّ ذَلِكَ عِنْدِي، اللَّهُمَّ اغْفِرْ لِي مَا قَدَّمْتُ وَمَا أَخَّرْتُ، وَمَا أَسْرَرْتُ وَمَا أَعْلَنْتُ، أَنْتَ المُقَدِّمُ وَأَنْتَ المُؤَخِّرُ، وَأَنْتَ عَلَى كُلِّ شَيْءٍ قَدِيرٌ». အို - အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးရဲ့ မှားယွင်းချွတ်ချော်မှု၊ မသိနားမလည်မှု၊ ကျွန်တော်မျိုးရဲ့အရေးကိစ္စဟူသမျှတွင် ကျွန်တော်မျိုး၏ လွန်ကျူးမှုနှင့်၊ ကျွန်တော်မျိုးထက် အရှင်မြတ်ပို သိတော်မူသော အရာတို့တွင် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ။ အို- အလ္လာအရှင်မြတ် ကျွန်တော်မျိုး၏ အမှားများ၊ တမင်ပြောဆိုမှု၊ မေ့မှား‌မှု၊ နောက်ပြောင် ကျီစယ်မှုတို့ကို ခွင့်လွှတ်တော်မူပါ။ ထိုအချက်များ အားလုံးသည် ကျွန်တော်မျိုးထံတွင် ရှိနေပါ၏။ အို- အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး ယခင်က ပြုခဲ့မိသည့် အပြစ်ဂုနဟ်မျာ၊ နောင်အခါတွင် ပြုလုပ်မည့် အပြစ်ဂုနဟ်များ၊ လျှို့ဝှက်ကျူးလွန်မိခဲ့သော အပြစ်ဂုနဟ်များ၊ ထင်ရှားစွာ ကျူးလွန်မိခဲ့သော အပြစ်ဂုနဟ်များ၊ လွန်လွန်ကျူးကျူးပြုခဲ့မိသော အရာများ၊ ကျွန်တော်မျိုးထက် အရှင်မြတ် ပိုသိတော်မူသော အပြစ်ဂုနဟ်များကို ခွင့်လွှတ်တော်မူပါ။ အရှင်မြတ်သည်သာလျှင် ရှေ့သို့တွန်းပို့တော်မူသူ၊ အရှင်မြတ်သည်သာလျှင် နောက်သို့ရွှေ့ဆိုင်းတော်မူသောအရှင် ဖြစ်တော်မူပါသည်။ အရှင်မြတ်သည် အရာခပ်သိမ်းအပေါ် စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်သည်။

62- အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် ချက်ချင်းလက်ငင်းဖြစ်စေ၊ နောက်ဆိုင်း၍ဖြစ်စေရရှိမည့် ( ဒွန်ယာ၊ အာခိရသ်နှစ်ဌာနစလုံး၏ ကောင်းမှုများ )၊ ထိုကောင်းမှုများမှ ကျွန်တော်မျိုးသိသည့် ကောင်းမှုများ‌ကော၊ မသိသည့် ကောင်းမှုများကိုပါ အရှင်မြတ်ထံ တောင်းခံပန်ကြားပါ၏။ ထို့ပြင် ချက်ချင်းလက်ငင်းဖြစ်စေ၊ နောက်ဆိုင်း၍ဖြစ်စေ ကြုံတွေ့ရမည့် ( ဒွန်ယာ၊ အာခိရသ်နှစ်ဌာနစလုံး၏ ) မကောင်းမှုများ၊ ထိုမကောင်းမှုများမှ ကျွန်တော်မျိုးသိသည့် မကောင်းမှုများ‌ကော၊ မသိသည့် မကောင်းမှုများမှပါ အရှင်မြတ်ထံ ခိုလှုံပါ၏

63- အို အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်ချီးမြှင့်‌တော်မူထားသည့် နိအ်မသ်တော်များ ဆုံးရှုံးကွယ်ပျောက်ခြင်း၊ အရှင်မြတ်ချီးမြှင့်တော်မူထားသည့် ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာမှု ပြောင်းလွဲသွားခြင်း၊ အရှင်မြတ်၏ ရုတ်တရက် ဖမ်းဆီးအရေးယူဒဏ်ခတ်ခြင်းနှင့် အရှင်မြတ်၏ ခပ်သိမ်းကုန်သောအမျက်ဒါသမှ အရှင်မြတ်ထံ ခိုလှုံမှုပြုပါ၏။

67- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အများဆုံး တောင်း‌ခဲ့သော ဒုအာမှာ ဤဒုအာပင် ဖြစ်သည်။ «اللَّهُمَّ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً، وَفِي الآخِرَةِ حَسَنَةً، وَقِنَا عَذَابَ النَّارِ» အဓိပ္ပါယ် - (အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား လောက၌ ကောင်းကျိုး ချမ်းသာများကို ပေးသနားတော်မူပါ။ ၎င်းနောက် တမလွန်ဘဝ၌လည်း ကောင်းကျိုး ချမ်းသာများကို ပေးသနားတော်မူပါ။ ၎င်းပြင် ကျွန်တော်မျိုးတို့အား ငရဲမီး၏ အပြစ်ဒဏ်မှလည်း ကယ်တင်တော်မူပါ။)

70- အသင်တို့သည် မတရားပြုခြင်းမှ ရှောင်ကြဉ်ကြပါ။ ဧကန်စင်စစ် မတရားပြုခြင်းသည် ကိယာမသ်နေ့တွင် (မတရားပြုသူအပေါ်၌ )အမှောင်ထုများ ဖြစ်လိမ့်မည်။ ထို့ပြင် အသင်တို့သည် လောဘကြီးကာ စေးနှဲတွန့်တိုခြင်းကိုလည်း ရှောင်ကြဉ်ကြပါ။ ဧကန်စင်စစ် လောဘကြီးကာ စေးနှဲတွန့်တိုခြင်းသည် သင်တို့မတိုင်မီ ရှိခဲ့ကြသူများအား ပျက်ဆီးစေခဲ့သည်

71- ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အား အစ္စလာမ်သာသနာ၏ မည်သည့်လုပ်ရပ်သည် အကောင်းဆုံးသော ဖြစ်ပါသနည်းဟု လျှောက်ထား မေးမြန်းခဲ့သည်။ ထိုအခါတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အသင် (သူဆင်းရဲများအား) အစားအစာ ကျွေးမွေးခြင်း၊ အသင် သိသူကိုဖြစ်စေ မသိသူကိုဖြစ်စေ စလာမ်ပေးခြင်းဖြစ်သည်။

72- ( အို အလီ ) အသင် ဤသို့ ပြောဆိုပါလေ။ အို - အလ္လာဟ် အရှင်မြတ်၊ ကျွန်တော်မျိုးအား တရားလမ်းမှန်ကို ညွှန်ကြားပြသတော်မူပါ။ မှန်ကန် တည့်မှတ်စေတော်မူပါ။ ထို့နောက် အသင်သည် "အလ်ဟုဒါ" ဟူသော စကားလုံးကို ရွတ်ဆိုသောအခါ လမ်းမှန်ကိုညွှန်ပြခြင်းဖြစ်ကြောင်းကို သတိရလော့။ "အတ်စ်စဒါဒ်" ဟူသော စကားလုံးကို ရွတ်ဆိုသောအခါ မြားတံအား ပစ်လွှတ်ရာတွင်ပစ်မှတ်ကို ဖြောင့်မတ်စွာ ပစ်ခွင်နိုင်ခြင်းကို သတိရလော့။

76- သင်ဤသို့ ရွတ်ဖတ်လော့ - «لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، اللهُ أَكْبَرُ كَبِيرًا، وَالْحَمْدُ لِلَّهِ كَثِيرًا، سُبْحَانَ اللهِ رَبِّ الْعَالَمِينَ، لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللهِ الْعَزِيزِ الْحَكِيمِ» (အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိ၊ ထိုအရှင်မြတ်သည် တစ်ပါးတည်းသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်၌ တွဲဖက်ယှဉ်တွဲကိုးကွယ်ရာဟူ၍ အလျှင်းမရှိပြီ။ အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူ၏။ ချီးမွမ်းခြင်းအားလုံးသည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်၏။ စကြဝဠာခပ်သိမ်းရှိ သတ္တဝါအားလုံးကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှ ကင်းစင်သန့်ရှင်းတော်မူ၏။ လွန်စွာတန်ခိုးအာနုဘော်ကြီးမားတော်မူ၍ ဉာဏ်ပညာအမြော်အမြင်နှင့် ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်၏ ကူညီမှုမပါဘဲ မကောင်းမှုဒုစရိုက်မှ ရှောင်ကြဉ်၍ ကောင်းမှုကုသိုလ်ပြုနိုင်သည့် စွမ်းအင်ဟူ၍ အလျှင်းမရှိပေ။)

82- ( ကိယာမသ် နေ့တွင် ) ဟစ်‌ခေါ်သူက ဤသို့ ဟစ်အော် ပြောဆိုလိမ့်မည် - "အသင်တို့သည် အစဉ်ကျန်းမာကြလိမ့်မည်၊ ဘယ်သောအခါမျှ နာမကျန်းဖြစ်ကြမည် မဟုတ်။ အသင်တို့သည် အစဉ်ရှင်သန်ကြလိမ့်မည်၊ ဘယ်သောအခါမျှ သေကြေကြမည် မဟုတ်။ အသင်တို့သည် အစဉ်နုပျိုကြလိမ့်မည်၊ ဘယ်သောအခါမျှ အိုမင်းကြမည် မဟုတ်။ အသင်တို့သည် အစဉ် စည်းစိမ်ချမ်းသာမှု၌ ရှိကြလိမ့်မည်၊ ဘယ်သောအခါမျှ ပူဆွေးသောကရောက်ကြမည် မဟုတ်

83- အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်သုခဘုံသားများအား မိန့်ကြားတော်မူမည်။ “အို− သုခဘုံသားတို့။ ထိုအခါ သူတို့က “အို- ကျွန်တော်မျိုးတိုအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို နာခံဖို့ အသင့်ရှိနေကြပါသည်”ဟု လျှောက်ထားဖြေကြားကြလိမ့်မည်။ ထိုအခါ အရှင်မြတ်က မိန့်ကြားတော်မူမည်။ “အသင်တို့ ကျေနပ်သွားပြီလော။” သူတို့က ဖြေကြမည်မှာ - “ကျွန်တော်မျိုးတို့အဘယ့်ကြောင့်မကျေနပ်ရမည်နည်း။ အရှင်မြတ်သည် မည်သူ့ကိုမျှချီးမြှင့်မထားသော ဆုလာဘ်များအား ကျွန်တော်မျိုးအား ချီးမြှင့်ခဲ့ပြီးဖြစ်သည်။

86- ဂျဟန္နမ်ငရဲသားနှစ်မျိုးရှိပေသည်။ ၎င်းတို့အား ငါကိုယ်တော်မမြင်ဘူးပေ။ တစ်အုပ်စုမှာ ၎င်းတို့နှင့်အတူ လူတို့အား ရိုက်နှက်ရန် နွားအမြီးနှင့်တူသောတုတ်များလည်းပါရှိသည်။ (နောက်တစ်အုပ်စုမှာ) အဝတ်အစားများဝတ်ဆင်ထားသော်လည်း အဝတ်အစားမဝတ်ထားသည့်အလား ခန္ဓာကိုယ်အစိတ်အပိုင်းများ ပေါ်လွင်နေသောအမျိုးသမီးများ၊ ယောက်ျားလေးများအား မြှူဆွယ်လေ့ရှိသောအမျိုးသမီးများ၊ အခြားသူများအား မိမိတို့ပြုလုပ်လေ့ရှိသည့် မြှူဆွယ်မှုများအားပြုလုပ်လာကြရန် လှုံဆော်ပေးသည့် အမျိုးသမီးများ၊

88- အို- အမျိုးသမီးအပေါင်းတို့၊ အသင်မတို့ စွဒ်ကဟ်အလှူဒါပြုကြလော့။ အဘယ်ကြောင့်ဆိုသော် ငရဲသားများအနက်အများစုဟာ အသင်မတို့ အမျိုးသမီးများဖြစ်နေကြောင်း ငါကိုယ်တော်ဟာ ပြသတော်မူခြင်းခံရသည်။ ထိုအခါ သူမတို့က "အို-အလ္လာဟ်အရှင်မြတ်၏ တမန်တော်၊ အဘယ်ကြောင့်နည်း" ဟု လျှောက်ထားကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ "အသင်မတို့သည် ကျိန်ဆဲခြင်းကို များစွာပြုလေ့ရှိကြပြီး မိမိတို့၏ ခင်ပွန်းကိုလည်း ကျေးဇူးကန်းကြလေသည်။ ထို့ပြင် ငါကိုယ်တော်သည် တစ်ဦးတစ်ယောက်ကို အသိဉာဏ်နှင့် ဒီန်သာသနာ၌ လျော့နည်းချို့တဲ့ပါလျက်နှင့် ခိုင်မာပြတ်သားစွာ ဆုံးဖြတ်ချက်ချနိုင်သည့် အမျိုးသားတစ်ဦး၏ အသိဉာဏ်ကို အသင်မတို့ထက်ပို၍ ဖျက်ဆီးစေနိုင်သူကို တွေ့မြင်တော်မမူခဲ့‌ပေ

92- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အဗူဘကရ်နှင့် အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ) တို့နှစ်ဦးနှင့် ပတ်သတ်၍ မိန့်ကြားတော်မူသည်မှာ - "နဗီတမန်တော်များနှင့် ရစူလ်တမန်တော်များမှလွဲ၍ ဤသူနှစ်ဦးသည် လွန်လေပြီးသောသူများနှင့် နောင်လာမည့်သူများအနက် လူလတ်ပိုင်းအရွယ် ဂျန္နသ်သုခဘုံသားများ၏ ခေါင်းဆောင်များ ဖြစ်ကြသည်။

93- အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးသည် သေးငယ်သည်ဖြစ်စေ၊ ကြီးလေးသည်ဖြစ်စေ မည်သည့်အပြစ်အကုသိုလ်တစ်ခုမျှမကျန် ကျူးလွန်ခဲ့ပါသည်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က သင်သည် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံခဲ့သည် မဟုတ်လောဟု

94- အသင်တို့အနက် တစ်ဦးတစ်ယောက်ထံသို့ ရှိုင်သွာန်ကလာရောက်၍ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်း၊ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု မေးမြန်းရင်း နောက်ဆုံး သင်၏အရှင်သခင်ကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု မေးမြန်းလိမ့်မည်။ အကယ်၍ ထိုအဆင့်ထိ ရောက်လာခဲ့လျှင် أَعُوذُ بِاللَّهِ (အလ္လာဟ်အရှင်မြတ်၏ ထံတော်တွင်ခိုလှုံပါ၏ဟု) ရွတ်ဆိုကာ ထိုမကောင်းသည့်အတွေးကို စွန့်လိုက်ပါ။

95- အမလ်ကျင့်ဆောင်မှုသည် ခြောက်မျိုးရှိပြီး လူသည် လေးမျိုးလေးစားရှိသည်။၎င်းတို့မှာ ဝါဂျိဗ်ထိုက်သည့်အရာ နှစ်ခု၊ တစ်ခုအစား ၎င်းနှင့် ညီမျှသည့် တစ်ခုရရှိခြင်း၊ ကောင်းမှုတစ်ခုသည် အကျိုးကုသိုလ်ဆယ်ဆရရှိခြင်းနှင့် ကောင်းမှုတစ်ခုသည် အကျိုးကုသိုလ် အဆခုနှစ်ရာ ရရှိခြင်းတို့ဖြစ်သည်။

96- ဧကန်အမှန်ပင် ကိယာမသ်၏ နိမိတ်လက္ခဏာများအနက် အချို့မှာ- အသိပညာ ရုပ်သိမ်းခံရခြင်း၊ (သာသနာ့)အသိပညာကင်းမဲ့မှု များပြားလာခြင်း၊ ‘ဇိနာ’တရားမဝင်ကာမအမှု ပေါများလာခြင်း၊ အရက်သေစာသောက်သုံးမှု များပြားလာခြင်း၊ အမျိုးသားဦးရေ နည်းပါးသွားခြင်း အမျိုးသမီး အယောက်(၅၀)အတွက် တာဝန်ယူထိမ်းသိမ်းစောင့်ရှောက်မည့် အမျိုးသားတစ်ဦးသာ ရှိတော့သည်အထိ အမျိုးသမီးဦးရေ များပြားလာခြင်းတို့ဖြစ်သည်။